Home » » ထားဝယ်တိုင်းရင်းသားများပါတီနှင့် တနင်္သာရီဂျာနယ်အင်တာဗျူး

ထားဝယ်တိုင်းရင်းသားများပါတီနှင့် တနင်္သာရီဂျာနယ်အင်တာဗျူး

Written By Live100 on Friday, October 23, 2015 | 8:21 AM



ကိုယ်စားလှယ် အနေနဲ့ ဆိုတာထက် ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပါတီ ကိုယ်စားဖြေချင်ပါတယ်။ 

ကျေးဇူးတင်စွာဖြင့်
အေးမင်း
ဥက္ကဋ္ဌ

၁။ တစ်တိုင်းလုံးအနေနဲ့ ဆိုရင် အဓိက ဖြေရှင်းရမှာက လူမှုစီးပွားဘ၀ တိုးတက်အောင် လုပ်ဖို့ ရေခံမြေခံတွေ ဖန်တီးပေးဖို့ပါပဲ။ အဲဒါကို ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ ကတိက၀တ်မှာ လည်းဖော်ပြထားပြီးပါပြီ။

အဲဒီလို လူမှုစီးပွားရေး ဘ၀ တိုးတက်အောင်အဓိက ဘာလုပ်ဖို့လိုလဲဆိုရင် အခု လောလောလတ်လတ်ကတော့ လျှပ်စစ်မီးကို တစ်နိုင်ငံလုံးနဲ့ ဈေးနှုန်းတန်းတူ သုံးနိုင်ဖို့ပါပဲ။

အဲဒီအတွက် ဘယ်လိုလုပ်မလဲ ဆိုတာ အစီအစဉ်တွေ ရှိပါတယ်။ ပြည်ထောင်စု အဆင့် လွှတ်တော်မှာ လုပ်ရမယ့် အရာတွေရှိတယ်၊ တိုင်းဒေသကြီး အဆင့်လွှတ်တော်မှာ လုပ်ရမဲ့ အရာတွေရှိတယ်။

တစ်နှစ်အတွင်းမှာ လုပ်နိုင်တဲ့ Quick Win အစီအစဉ်တွေ ရှိတယ်၊ ငါးနှစ်အတွင်းမှာ လုပ်နိုင်တဲ့ အစီအစဉ်တွေလည်းရှိတယ်။

ပထမ တစ်နှစ်ထဲမှာ အနည်းဆုံး အခု လက်ရှိ သုံးနေတဲ့ ဈေးထက်ကျလာအောင်၊ စီးပွားရေး လုပ်ငန်းသုံး လျှပ်စစ်မီတာခတွေ ဒီထက်ပိုကိုက်လာအောင် ထားဝယ်တိုင်းရင်းသားများပါတီ က ကြိုးစားဖို့ အစီအစဉ်ရှိတယ်။ ဘယ်လို လုပ်မလဲဆိုတာကိုတော့ အခု အချိန် ထုတ်မပြောလိုသေးပါဘူး။

လူမှုစီးပွား ဖွံ့ဖြိုးဖို့ ကိစ္စထဲမှာကိုမှ လတ်တလော အနေအထားကို တွက်ချက်ပြီး ဘယ်လုပ်ငန်း (Industry) ကို အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးမလဲဆိုတဲ့ အစီအစဉ် တိုင်းအစိုးရမှာ ရှိရမယ်။ ဟိုဟာ ကောင်းနိုးနိုး၊ ဒီဟာ ကောင်းနိုးနိုး လုပ်နေလို့မရဘူး။
အကုန်လိုက်လုပ်နေလို့လဲမရဘူး။ ကိုယ့်မှာ ရှိတဲ့ ဘဏ္ဍာအရင်းအမြစ်အား၊ အချိန်အား၊ သဘာဝအရင်းအမြစ်အားနဲ့ ဘယ်လုပ်ငန်းကို အကောင်းဆုံး ပံ့ပိုးမလဲဆိုတဲ့ အစီအမံရှိဖို့လိုတယ်။ အဲလို ရှိအောင် လုပ်သွားမယ်။ အစိုးရ ဖြစ်ရင် ဖြစ်တဲ့ အလျောက်၊ အတိုက်အခံ ဖြစ်ရင် ဖြစ်တဲ့ အလျောက်၊ သူ့နည်းသူ့ဟန်နဲ့ လုပ်သွားမယ်။  

၂။ နံပါတ် ၂ ကတော့ လူမျိုးရေးပါ။

တနင်္သာရီတိုင်းဒေသကြီးက ဗမာ လူမျိုးတွေ နေတဲ့တိုင်းတစ်အဖြစ် သတ်မှတ်ခံထားရတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း တိုင်းထဲမှာနေကြတာက ဗမာလူမျိုးတွေ မဟုတ်ကြဘူး။

ထားဝယ်တွေ၊ မြိတ်တွေ၊ ဆလုံတွေ စသည်ဖြင့် စသည်ဖြင့်ပေါ့။ အဲလိုမျိုး တလွဲမှတ်ပုံတင်ခံထားရတာတွေကို ပြန်လည် တည့်မတ်လာအောင် လုပ်ရမယ်။ ဒါမှ ကိုယ်ပိုင်တိုင်းရင်းသား အခွင့်အရေး ရမယ်။

လူမှာ အမျိုး၊ ကြက်မှာ အရိုးတဲ့။ အမျိုးဆိုတာ ဘယ်လို ဟန်ဆောင်ပြောပြော ပေါ်တာပဲ။ ဖျောက်ဖျက်လို့မရဘူး။ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲလို့ နားလည်ရင် ဘာလို့ ကိုယ့်လူမျိုး တစ်ရပ် ဘာလို့ ဖြစ်ချင်လဲ မေးစရာကို မလိုဘူး။ ထားဝယ်က ထားဝယ်ပဲ ဖြစ်ချင်လိမ့်မယ်။ အဲဒါ ကျွန်တော်တို့ ဂုဏ်သိက္ခာအတွက်ပဲ။

ပုံပြင်တွေ အများကြီးရှိပါတယ်။ အခြား အမျိုးအယောင်ဆောင်တဲ့ သူတွေ ဘာတွေ ဖြစ်သွားလဲဆိုတဲ့ သာဓကတွေ။

နောက်တစ်ခု ကိုယ့်လူမျိုး အဖြစ် ကိုယ်ပိုင်အမှတ်သင်္ကေတရှိဖို့လိုလဲဆိုရင် တိုင်းရင်းသား အခွင့်အရေးအတွက်ပဲ။ နိုင်ငံရေး အခွင့်အရေး အတွက်ပါပဲ။ အခုက ဗမာတိုင်းထဲမှာ ရှိတယ်ဆိုပြီး ဘာအခွင့်အရေးမှ မရဘူး။ ယုတ်အစွဆုံး မှတ်ပုံတင်မှာတောင်မှ ဗမာဖြစ်နေတယ်။ တိုင်းရင်းလူမျိုး အတွက် ပေးရမဲ့ နံပါတ်လေးခုမြောက် မဲတောင် မပေးရဘူး ဖြစ်နေတယ်။ အင်းသား လူမျိုးမှာ အင်းတိုင်းရင်းသား ၀န်ကြီးရှိတယ်၊ အဲဒီ အတွက် သပ်သပ် မဲပြားရှိတယ်။

အဲဒါတွေကြောင့် တိုင်းရင်းသား အခွင့်အရေးမရတော့၊ နိုင်ငံရေး အခွင့်အရေးမရတော့၊  သယံဇာတ ခွဲဝေရေးက အစ၊ ဘဏ္ဍာငွေ ခွဲဝေရေး က အစ ဘာမှ မခံစားရဘူး။ အခု လျှပ်စစ်မီးကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးနေရတယ်။ အဲဒါက ဥပမာ တစ်ခုပေါ့။

ဒါကြောင့် တိုင်းရင်းသား အခွင့်အရေးရရှိရေ ဦးစားပေးလုပ်သွားဖို့ ရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ လုပ်ရမယ့် အလုပ်ကို ပြည်ထောင်စု လွှတ်တော်မှာ လုပ်သွားမယ်၊ တိုင်းအစိုးရနဲ့ လွှတ်တော်မှာ လုပ်ရမယ့် အလုပ်ကို တိုင်းအစိုးရနဲ့ လွှတ်တော် မှာ လုပ်သွားပါမယ်။

တိုင်းရင်းသား အခွင့်အရေး အမှန်အကန်ရဖို့ ၂၀၀၈ ဖွံ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရမှာတွေလည်း ရှိတယ် အဲဒါတွေလည်း ပြင်ဆင်ဖို့ လုပ်ဆောင်သွားပါ့မယ်။ ဥပမာ ၀န်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေက ရွေးချယ်ရေး ကိစ္စတွေလိုမျိုးပေါ့။

အခုဆိုရင် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးတဲ့ အတွက် နောက်ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စရတော့မယ်။ အဲဒီမှာ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးလာပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေကို နိုင်ငံရေးပါတီတွေက ဦးဆောင်ရမှာဖြစ်တယ်။ အဲဒီမှာလည်း ထားဝယ်တိုင်းရင်းသားများပါတီက အခြားတိုင်းရင်းသား မဟာမိတ်တွေနဲ့ ပေါင်းပြီး ကိုယ့်တိုင်းရင်းသား အခွင့်အရေးအတွက် ရသင့်တဲ့ နိုင်ငံရေး အဆင့်အတန်းအတွက် တောင်းဆိုသွားဖို့ရှိတယ်။

၃။ အားကောင်းတဲ့ တိုင်းဒေသကြီးအစိုးရ ဖြစ်ရေး

အခု လက်ရှိ တိုင်းအစိုးရကို ဒီထက် ပွင့်လင်းမြင်သာမှုရှိတဲ့၊ အဂတိတရား ကင်းစင်တဲ့ အစိုးရဖြစ်ဖို့ လိုပါသေးတယ်။ ဥပမာ ဆရာတို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါသလိုပဲ စည်ပင်သာယာရေး ဥပဒေ ထွက်တယ်၊ မြို့နယ်စည်ပင် ကော်မတီတွေ အသစ်ပြန်လည် ဖွဲ့စည်းတယ်။ ဒါပေမဲ့ အားကောင်းတဲ့ ကော်မတီတွေ ဖြစ်ဖို့ အများကြီးလိုသေးတယ်။
အဲဒီကော်မတီတွေကို ဒီထက် ပိုအလုပ်လုပ်ဖို့ တွန်းအားပေးနိုင်ဖို့၊ ပံ့ပိုးပေးနိုင်ဖို့ လိုသေးတယ်။ အဲဒါက ဥပမာ တစ်ခုပဲနော်။ အဲလိုမျိုး ကိစ္စတွေ အများကြီး ရှိသေးတယ်။

ကျွန်တော်တို့ပါတီအနေနဲ့ ရှေ့မှာ ပြောခဲ့သလိုပဲ အစိုးရဖြစ်ရင် အစိုးရ အလျောက်၊ အတိုက်အခံဖြစ်ရင် အတိုက်အခံ အလျောက် သူ့နည်း သူ့ဟန်နဲ့ အလုပ်လုပ်သွားမှာ ဖြစ်တယ်။
ကျွန်တော်တို့ ပါတီက လွှတ်တော်တစ်ခုမှာ တစ်ယောက်ပဲ ရပစေဦး အခု ငါးနှစ် အလုပ်လုပ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထက် အများကြီး သာရမယ်၊ မြင်သာတဲ့ လုပ်ဆောင်ချက်တွေ ရှိရမယ်ဆိုတာ အာမခံတယ်။ 

ဒီလိုမျိုးကိစ္စရပ်တွေ အများကြီး လုပ်ရဦးမယ်။ ဒါမှပဲ နိုင်ငံသားတွေက ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံစားနိုင်မယ်။ အခုက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရနဲ့က ပုလင်းတူ ဗူးဆို့ လုပ်နေကြတယ်။ အတိုက်အခံ ကောင်းကောင်းလည်းမရှိဘူး။ တိုင်းလွှတ်တော်က အစိုးရကို ထိန်းကြောင်းရမဲ့ ရေးရာ ကော်မတီတွေကလည်း ရလာဒ်ကောင်းကောင်းမပြနိုင်ဘူး။

လက်ရှိ တိုင်းပြည်က ဒီထက်ပိုပြောင်းလဲရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီး နားလည်ပါတယ်။ တစ်ပြည်လုံး ပြောင်းလဲရေးအပြင် ဆရာတို့ တိုင်းရင်းသားတွေရဲ့ အဆင့်အတန်းတွေလည်း မြင့်တက်လာမှ ရမယ်။ ဒါမှမဟုတ် တစ်သက်လုံး အနှိမ်ခံဘ၀နဲ့ နေသွားရလိမ့်မယ်။ အခုအချိန်မှ မလုပ်ရင် နောက်ငါးနှစ်ဆို မမီတော့ဘူး။ ဒါကို ဆရာတို့ ကောင်းကောင်းသဘောပေါက်တယ်။ ဒါကြောင့် ထားဝယ်တိုင်းရင်းသားများပါတီကို မဖြစ်မနေ တည်ထောင်လိုက်ရတယ်ဖြစ်ပါတယ်။
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger