Latest Post
Showing posts with label အင်တာဗျူး. Show all posts

7:20 AM
ပြီးခဲ့သည့် နိုဝင်ဘာလ၈ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်သည့်
အမတ်နေရာအားလုံး ရှုံးနိမ့်ခဲ့သည့် ထားဝယ်တိုင်းရင်းသား
များပါတီ၏ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ်များ၊ ပြီးခဲ့သည့်ရွေးကောက် ပွဲရလဒ်ပေါ်
သုံးသပ်မှုစသည်များကို တနင်္သာရီပရိသတ်များ သိရှိနိုင် ရန် မေးမြန်းခဲ့သည်။
တနင်္သာရီ – ရွေးကောက်ပွဲရလဒ်လည်း သိပြီးပြီဆိုတော့ ထားဝယ်ပါတီအနေနဲ့ နိုင်ငံရေးကို ရှေ့ဆက်ပြီး ဘယ်လိုလုပ်သွားဖို့ရှိလဲ။
ဦးအေးမင်း – ပါတီအနေနဲ့ ပြန်သုံးသပ်ရမယ်လို့ ယူဆတယ်။ပထမဆုံးက ထားဝယ်လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ပေါ့။စစ်တမ်းကောက်ရမယ်။ ထားဝယ်တွေက ဗမာဖြစ်ချင်နေတုန်းလား။အဲဒါကို စစ်တမ်းကောက်ပြီးမှ လူထုက တကယ်လိုအပ်မှ လုပ်ရမယ် ဆိုတဲ့ သဘောဖြစ်နေတယ်ပေါ့။ မကြိုက်လို့များ မဲမပေးကြတာလားပေါ့။လူထုက တကယ်ကြိုက်နှစ်သက်မှ ဆက်လုပ်ရမယ်ဆိုတဲ့ သဘောဖြစ် နေတယ်ပေါ့။
လူမျိုးရေးနဲ့ပက်သက်ပြီး တကယ်လို့ ထားဝယ်လူထုတွေက ဗမာဆိုတာကိုပဲ ကြိုက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့လုပ်လို့ မရဘူးလေ။ သမိုင်းတရားခံဖြစ်သွားမှာပေါ့။ ထားဝယ်လူထုတွေက မလိုအပ်ဘဲနဲ့ လုပ်သလို ဖြစ်သွားမှာပေါ့။
နောက်တစ်ခုက နောက်တက်လာမယ့် အစိုးရသစ်နဲ့ ညှိနှိုင်းပြီး လုပ်ကိုင်သွားမယ်။
ဒေသတွင်းက စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထု ထိခိုက်နစ်နာနိုင်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လူထုဘက်က ရပ်တည်ပြီးတော့ လုပ်ကိုင်သွားမယ်။
ကောင်းတဲ့ စီမံကိန်းတွေဆိုရင် ထောက်ခံဝန်းရံသွားမယ်။
တနင်္သာရီ – ဒါဆို စစ်တမ်းပြန်ကောက်ပြီးလို့ လူမျိုးရေးနဲ့ ပတ်သက်ပြီး လူထုက မလိုအပ်ဘူး၊ အရေးမကြီးဘူးလို့ထင်ရင် ထားဝယ်ပါတီအနေနဲ့ လုပ်မယ့်လုပ်ငန်းထဲက အဲဒီတစ်ခုကို နောက်ရွေ့ လိုက်မယ် ဆိုတဲ့သဘောပေါ့။
ဦးအေးမင်း – အင်းပေါ့။ အဲဒီသဘော ဖြစ်သွားတာပေါ့။
တနင်္သာရီ – လက်ရှိ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ နိုင်ငံရေး သမား တစ်ယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ပါ ဘယ်လိုသုံးသပ်မိလဲ။
ဦးအေးမင်း – ၁၉၉၀တုန်းကလို အာဏာရှင်ဆန့်ကျင်ရေးပုံစံမျိုး ဖြစ်သွားတယ်။ အဓိကကတော့ အာဏာရှင်ဆန့်ကျင်ရေးပုံစံနဲ့ ပြည် သူလူထုတစ်ရပ်လုံးက ဒီအစိုးရကို လုံးဝမလိုဘူးဆိုတဲ့ သဘောမျိုး၊ နောက်ထပ် လုံးဝမလိုတော့ဘူးဆိုတဲ့ သဘောမျိုး တစ်ပြည်လုံးက ပြလိုက်တာပဲလို့ သုံးသပ်တယ်။ ဘာကြောင့်ဆို တချို့ကိုယ်မဲထည့် ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနာမည်ကိုတောင် မသိကြဘူးလေ။
တနင်္သာရီ – အဲလိုဖြစ်သွားတာက နိုင်ငံတစ်ဝန်းကတိုင်းရင်းသား ပါတီတွေရဲ့ ရွေးကောက်ပွဲရှုံးနိမ့်မှုနဲ့ ဆက်စပ်လား။
ဦးအေးမင်း – ဆက်စပ်တာပေါ့။ ဘာလို့ဆို တိုင်းရင်းသား ဒေသတွေက ဒီအစိုးရရဲ့ ဖိနှိပ်မှုနဲ့ ချူပ်ချယ်မှုကို အခံစားရဆုံးပေါ့။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း (ပြည်ထောင်စု) အစိုးရ ပြောင်း မှကို ဖြစ်မယ်ဆိုပြီးတော့သူတို့စိတ်ထဲမှစွဲစွဲမြဲမြဲ ဖြစ်နေတယ်။ ဒေသခံတိုင်းရင်းသားပါတီတွေအနေနဲ့က (ပြည်ထောင်စု) အစိုးရမဖွဲ့နိုင်ဘူး ဆိုတော့အစိုးရဖွဲ့နိုင်တဲ့ NLD ကိုပဲ ပုံပြီးအားပေးလိုက်တယ်လို့ပဲ သုံးသပ်မိတယ်။
တနင်္သာရီ – လက်ရှိရွေးကောက်ပွဲအတွေ့အကြုံအရထားဝယ်တိုင်းရင်းသားပါတီအနေနဲ့ ပါတီကို ဒီထက်ပိုအားကောင်းလာ အောင်၊ နောက်လာမည့်ရွေးကောက်ပွဲမှာ ရလဒ်ပိုကောင်းလာအောင် ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။
ဦးအေးမင်း – အဓိက အခုတွေ့လိုက်တာကတော့ ပါတီဝင် အင်အားမရှိတာကြောင့်၊ ကောလဟာလသတင်းတွေကို ချေဖျက်မယ့် လူတွေဒေသထဲမှာ မရှိဘူးဖြစ်သွားတယ်ပေါ့။ အဓိကကတော့ကျွန် တော်တို့က ကောလဟာလသတင်းကြောင့် ထားဝယ်ပါတီကရှုံးသွား တယ်လို့ပဲ သဘောရတယ်။ ပြည်ခိုင်ဖြိုးက အချွန်နဲ့မ၊ NLD က ထုချလိုက်တော့ ငါတို့က ဘောလုံးလိုဖြစ်သွားတာကိုး။ ဒါကြောင့် ဒေသတွင်းမှာ ကိုယ့်ရဲ့ပါတီဝင်တွေကို စုဆောင်းမယ်လို့ သုံးသပ်တယ်။
တနင်္သာရီ – လာမယ့် တိုင်းလွှတ်တော်သည် အတိုက်အခံလုံးဝ မရှိတဲ့ လွှတ်တော်ဖြစ်သွားပြီ။ အဲဒီအပေါ်မှာရော ဘယ်လိုစိုးရိမ်မှု တွေရှိလဲ။
ဦးအေးမင်း – စိုးရိမ်မှုရှိတာက အရင်အစိုးရတုန်းကလည်း ပြည်သူ့လွှတ်တော်ကလည်း ပြည်ခိုင်ဖြိုး၊ အစိုးရကလည်း ပြည်ခိုင် ဖြိုး ဖြစ်တုန်းကလိုမျိုး အခု NLD မှာလည်း ဖြစ်လာလိမ့်မလား ဆိုတာမျိုး စိုးရိမ်မိတာတစ်ခုတော့ ရှိတယ်။
ဒါပေမယ့် ဒေသခံအမတ်တွေအပေါ်မှာ စောင့်ကြည့်ရမယ်လေ။သူတို့က ပြည်သူ့အတွက် အလုပ်လုပ်မယ်လို့သူတို့က အာမခံထားတာ ကိုး။ အာမခံထားတော့ ပြည်သူ့အတွက် ဘယ်လောက်အထိအလုပ် လုပ်နိုင်လဲဆိုတာကို ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့။ အတတ် နိုင်ဆုံး Check & Balance ဖြစ်အောင်တော့ နိုင်ငံရေးပါတီတစ် ခုအနေနဲ့ လုပ်နေမှာပါပဲ။ လွှတ်တော်မှာ အမတ်မပါလည်း ကျွန်တော် တို့က လုပ်နေရမှာပဲ။
တနင်္သာရီ – နောက်ဆုံးမေးခွန်းပါ။ ထားဝယ်ပါတီ စတည် ထောင်ပြီးတဲ့နောက် ပထမဆုံးဝင်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ ထောက်ခံကြတဲ့ မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ။
ဦးအေးမင်း – ကျေးဇူးတင်တယ်လို့ပဲ ပြောချင်တယ်။ထပ်ပြီးတော့ ဝန်းရံကြပါလို့။ အခုထက်ပိုပြီး အင်အားတွေ ပိုတောင့်လာအောင် ရပ်ကျေးတွေမှာ ပါတီဝင်အင်အားတွေ ဝိုင်းဝန်းပြီး စုဆောင်းပေးဖို့ ကို ပြောချင်တယ်။ အဓိကကတော့ မှတ်ပုံတင်မှာ ဗမာကနေ ထားဝယ် ကိုပြောင်းချင်တဲ့သူတွေကနေ တစ်ယောက်နဲ့တစ်ယောက် အသိ ပေး ပြီးလုပ်ကြဖို့။
နောက်ပိုင်းမှာ နိုင်ငံရေးသင်တန်းတွေ၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း ဖွင့်ဖို့ရှိတယ်။
Dawei Watch
ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း နှင့် တနင်္သာရီဂျာနယ် အင်တာဗျူး
Written By Live100 on Friday, November 20, 2015 | 7:20 AM
| ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း |

Labels:
အင်တာဗျူး
8:24 AM

"အခုက ပညာတတ်အမျိုးသမီးတွေ ရှိနေပါပြီ။ တွေးခေါ်စဉ်းစားနိုင်သူတွေ ရှိနေပါပြီ။ အရင်ကလို အိမ်တွင်းပုန်းမဟုတ်တော့ဘူး"
-------------------------------------------------------------------
{မဇ္ဈိမ သတင်းဂျာနယ် အမျိုးသမီးကဏ္ဍတွင် ဖော်ပြထားသော
ထားဝယ်တိုင်းရင်းသားများပါတီမှ ဒေါ်မြင့်မြင့်သိန်း (ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း) နှင့် တွေ့ဆုံခြင်း}
မေး၊ ဘာကြောင့်ရွေးကောက်ပွဲ ၀င်ရပါသလဲ
ထားဝယ်ဒေသ ဖွံ့ဖြိုးရေး တတ်နိုင်သမျှ ဆောင်ရွက်ရင်းနဲ့ ပါးစပ်နဲ့ ထိုင်ပြောနေလို့တော့ မရဘူး၊ ရွေးကောက်ပွဲ ၀င်မှ ရမယ်ဆိုပြီး ၀င်ဖြစ်ဖြစ်သွားတာပါ။ ကျွန်မတို့ ဒီအတိုင်း နေနေလို့တော့ မရတော့ဘူး။
ကျွန်မတို့ ပြည်သူတွေ သယံဇာတ၊ ရေမြေ ခွဲဝေခံစားခွင့် ရဖို့၊ ပြောလို့ ဆိုလို့ ရတဲ့ နေရာကနေ ပြောဖို့ လိုလာပြီဆိုပြီး ရွေးကောက်ပွဲ ၀င်ဖြစ်တာပါ။
ကျွန်မတို့ ပြည်သူတွေက ကိုယ့်ဒေသက ထွက်တဲ့ သယံဇာတတွေကို မခံစားရသလောက်ပဲ။ ဥပမာ သဘာဝဓာတ်ငွေ့ကို ပဲ ကြည့်လိုက်၊ ကိုယ့်ဆီက ထွက်တယ်၊ နိုင်ငံတော်အတွက် အခွန်အခနဲ့ ၀င်ငွေ အများကြီး ရှာပေးနိုင်တယ်။ ဒါပေမဲ့ လျှပ်စစ်မီးကြတော့ ထိုင်းကနေ ပြန်ဝယ်သုံးနေရတယ်။ ဈေးကြီးပေးနေရတယ်။ အဲလိုမျိုး ရပိုင်ခွင့်တွေကို တောင်းဆိုဖို့၊ ရအောင်လုပ်ဖို့ လိုလာပြီဆိုပြီး ရွေးကောက်ပွဲ ၀င်ဖြစ်တာပါ။
မေး၊ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းရာမှာ လက်ရှိ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။
အမျိုးသမီးဖြစ်တဲ့ အတွက် သွားရေးလာရေးမှာ နည်းနည်း ကိစ္စရှိပေမဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ အခုအချိန်မှာ ပိုအားပေးသလိုတောင် ဖြစ်နေပါပြီ။ စည်းရုံးရေးဆင်းရင်လည်း ကူညီပေးတဲ့သူတွေက အမျိုးသားတွေထက် ပိုတက်တက်ကြွကြွ ကူပေးကြပါတယ်။ အမျိုးသမီးတွေကို လိုလိုလားလား ကူညီပေးကြပါတယ်။
မေး၊ အမျိုးသမီးတွေ နိုင်ငံရေး လုပ်ရာမှာ အားနည်းချက်၊ အားသာချက်တွေက ဘာတွေ ဖြစ်မယ်လို့ ထင်လဲ။
အမျိုးသမီးတွေက ကိစ္စတစ်ခုကိုဆို ထဲထဲဝင်ဝင်သိတယ်။ အမျိုးသားတွေက သိတယ်လို့ ထင်ရပေမဲ့ အမျိုးသမီးတွေက ပိုသိပါတယ်။ အိမ်တစ်အိမ်လိုမျိုးပဲလေ။ အမျိုးသားတွေက ပိုက်ဆံရှာနေရတော့ လူမှုရေးတွေ ဘာတွေဆို အမျိုးသမီးက ပိုလုပ်ဖြစ်တယ်။ အမျိုးသမီး အချင်းချင်း မီးဖိုခန်းကိစ္စတွေပဲ ဖြစ်ဖြစ်၊ သားသမီး ကိစ္စတွေ လုပ်ရင်း၊ ပြောရင်းနဲ့ ဖြစ်ဖြစ် တကယ့် ဘ၀တွေနဲ့ နီးစပ်မှု ပိုရှိတယ်၊ ပိုသိတယ်လို့ ထင်တယ်။
အားနည်းချက်အနေနဲ့ ပြောရရင် အမျိုးသမီးတွေ ဒီလို လုပ်လာကိုင်လာတဲ့ အတွက် အချို့သော အမျိုးသားတွေက မနှစ်သက်ကြဘူးလို့ ခံစားရတယ်။ သူတို့ကို ရင်ဘောင်တန်းလာသလားပေါ့။
လူတိုင်းတော့ မဟုတ်ပါဘူး။ လူအားလုံးတော့ စိတ်ချင်းဘယ်တူကြမလဲ။ တချို့ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်းရှိတာပေါ့။ အမျိုးသမီး အချင်းချင်းမှာတောင် ဒီလိုမျိုး မကြိုက်တာတွေ ရှိသေးတာပဲ။
မေး၊ အခု ထားဝယ်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု နည်းသေးတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။
အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်မှု နည်းသေးတာကတော့ ထားဝယ်ဆိုတာက အားလုံးက ရှေးရိုးစွဲတာ များတယ်။ ကျွန်မတို့ကိုတောင် ကန့်ကွက်မှုတွေ ရှိတာပဲ။ အသက်ကြီးမှ နိုင်ငံရေးတွေ၊ ဘာတွေ ဘာလုပ်မှာလဲပေါ့နော်။ ကျွန်မကတော့ အခု ခြေစုံပစ်ဝင်တာမဟုတ်ဘဲ သတ်မှတ်အချိန်အပိုင်း အခြားအလိုက် လုပ်နေတာပါ။
အခုက ပညာတတ်အမျိုးသမီးတွေ ရှိနေပါပြီ။ တွေးခေါ်စဉ်းစားနိုင်သူတွေ ရှိနေပါပြီ။ အရင်ကလို အိမ်တွင်းပုန်းမဟုတ်တော့ဘူး။ ကိုယ်တိုင်ဝင်ငွေရှာ၊ အလုပ်လုပ်သူတွေလည်း များလာပါပြီ။
အားလုံးတိုးတက်ဖို့ဆိုရင်တော့ ကျားမ ခွဲနေလို့ မရဘူး။ အားလုံးလုပ်မှ တိုးတက်မယ်။ ကိုယ်တိုင်ဝင်လုပ်မှ ကိုယ်တိုင်ဖွံ့ဖြိုးမယ်။ နိုင်ရင် ၀င်လုပ်ကြစေချင်တယ်။
ကိုယ်ရေး အကျဉ်း
-----------------------
မိဘ - ဦးဘသင်းစိန်-ဒေါ်စိန်မြိုင်
ပညာအရည်အချင်း - B . Com (AA)
အသက် - ၆၇ နှစ်
နေရပ် - ကညုံရပ်၊ ထားဝယ်မြို့။
အတွေ့အကြုံ - ထားဝယ်တိုင်းရင်းသားများပါတီ၏ နာကယ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်လျက်ရှိ၊
နိုင်ငံ့ဝန်ထမ်းအဖြစ် ၁၂ နှစ် လုပ်ကိုင်ပြီး အငြိမ်းစားယူခဲ့၊
ပွဲရုံလုပ်ငန်း၊ ဆီအုန်းလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်းတို့ လုပ်ကိုင်လျက်ရှိ။
မဇ္ဈိမ သတင်းဂျာနယ် အမျိုးသမီးကဏ္ဍတွင် ဖော်ပြထားသော ထားဝယ်တိုင်းရင်းသားများပါတီမှ ဒေါ်မြင့်မြင့်သိန်း (ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း) နှင့် တွေ့ဆုံခြင်း
Written By Live100 on Friday, October 23, 2015 | 8:24 AM