ထုတ်ပြန်ကြေညာချက်
၁။ ထားဝယ်ဒေသ လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေတစ်ခုနှင့် ကျွန်းသုံးကျွန်းတွင် ကုမ္ပဏီ အချို့က ဟိုတယ်နှင့် အပန်းဖြေစခန်ဆောက်လုပ်ရန် ဟုဆိုကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားလာသည်ကို တွေ့ရသည်။ ယင်းနေရာများအနက် ကျောက်တွင်း ကျေးရွာ အုပ်စုရှိ ကမ်းခြေနေရာသည် ထားဝယ်မြို့ နန်းဟောင်းနေရာ ဖြစ်ပြီး အခြားကျွန်းများသည်လည်း ဒေသခံ ရေလုပ်သားများ အမှီပြု လုပ်ကိုင်စားသောက်ရာ ဒေသများ ဖြစ်သည်။
၂။ ဟိုတယ်နှင့် အပန်းဖြေစခန်း တည်ဆောက်ရန် လျှောက်ထားလာသော လောင်းလုံးမြို့နယ် ကျောက်တွင်း ကျေးရွာအုပ်စု၊ ဝဲမကိုက် အပိုင်၊ နန်းတော်ရိုင်နေရာ သည် သက္ကရာဇ် ၅၆၆ ခုနှစ်က တည်ထားခဲ့သော ထောင်ကွယ်မြို့ဟောင်းနေရာ ဖြစ်ပြီး ယင်းနေရာကို ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး နှစ်ဦး ဦးဆောင်သော ထောင့်ကွယ်မြို့ဟောင်း ထိန်းသိမ်းရေး အဖွဲ့ကိုလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
၃။ ရှေးခေတ်ကျောက်စီလမ်းကဲ့သို့သော အထောက်အထားများ ရှိသေးသော ထိုနန်းတော်ရိုင်နေရာအား လုပ်ကိုင်ခွင့်ပေးလိုက်မည်ဆိုပါက ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပါ မိမိတို့ထားဝယ်လူမျိုးများ၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေးကို ချိုးဖောက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုကြောင့် ထားဝယ်ဒေသရှိ ရှေးဟောင်းမြို့နန်းနေရာ တစ်ခုအား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီးလိုအပ်နေပြီး ထိုနေရာတွင် ဟိုတယ် နှင့် အပန်းဖြေစခန်း ဆောက်လုပ်ရန် ဟုဆိုကာ မြေနေရာ လျှောက်ထားလာခြင်းကို ထားဝယ်တိုင်းရင်းသားများပါတီက အပြင်းအထန် ကန့်ကွက်လိုက်ပါသည်။
၎။ ယင်းအပြင် ဒေသခံရေသားများ မှီခိုလုပ်ကိုင်စားသောက်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ နက်ရှိုင်းစွာ ပတ်သက်ဆက်စပ်နေသော ပဲ့စင်ကျွန်း နှင့် ပညစ်ကျွန်း နေရာများတွင် ဟိုတယ်နှင့် အပန်းဖြေစခန်း ဆောက်လုပ်ရန် လျှောက်ထားလာမှုကိုလည်း ဒေသခံများ၏ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ခွင့်မပြုရန်၊ ဒေသခံတို့၏ ဆန္ဒနှင့် အညီသာ လုပ်ကိုင်ခွင့်ကို ဆုံးဖြတ်ရန် ထားဝယ်တိုင်းရင်းသားများပါတီက ပြည်ထောင်စု အစိုးရ နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ကို အလေးအနက် တိုက်တွန်းလိုက်ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)
#ပေးပို့ခြင်း
လိပ်မူ - ၀န်ကြီးချုပ်
မိတ္တူကို -
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
သက်ဆိုင်ရာမြို့နယ်လွှတ်တော်အမတ်များ
အတွင်းရေးမှုး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
လက်ခံ
Post a Comment