
"အခုက ပညာတတ်အမျိုးသမီးတွေ ရှိနေပါပြီ။ တွေးခေါ်စဉ်းစားနိုင်သူတွေ ရှိနေပါပြီ။ အရင်ကလို အိမ်တွင်းပုန်းမဟုတ်တော့ဘူး"
-------------------------------------------------------------------
{မဇ္ဈိမ သတင်းဂျာနယ် အမျိုးသမီးကဏ္ဍတွင် ဖော်ပြထားသော
ထားဝယ်တိုင်းရင်းသားများပါတီမှ ဒေါ်မြင့်မြင့်သိန်း (ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း) နှင့် တွေ့ဆုံခြင်း}
မေး၊ ဘာကြောင့်ရွေးကောက်ပွဲ ၀င်ရပါသလဲ
ထားဝယ်ဒေသ ဖွံ့ဖြိုးရေး တတ်နိုင်သမျှ ဆောင်ရွက်ရင်းနဲ့ ပါးစပ်နဲ့ ထိုင်ပြောနေလို့တော့ မရဘူး၊ ရွေးကောက်ပွဲ ၀င်မှ ရမယ်ဆိုပြီး ၀င်ဖြစ်ဖြစ်သွားတာပါ။ ကျွန်မတို့ ဒီအတိုင်း နေနေလို့တော့ မရတော့ဘူး။
ကျွန်မတို့ ပြည်သူတွေ သယံဇာတ၊ ရေမြေ ခွဲဝေခံစားခွင့် ရဖို့၊ ပြောလို့ ဆိုလို့ ရတဲ့ နေရာကနေ ပြောဖို့ လိုလာပြီဆိုပြီး ရွေးကောက်ပွဲ ၀င်ဖြစ်တာပါ။
ကျွန်မတို့ ပြည်သူတွေက ကိုယ့်ဒေသက ထွက်တဲ့ သယံဇာတတွေကို မခံစားရသလောက်ပဲ။ ဥပမာ သဘာဝဓာတ်ငွေ့ကို ပဲ ကြည့်လိုက်၊ ကိုယ့်ဆီက ထွက်တယ်၊ နိုင်ငံတော်အတွက် အခွန်အခနဲ့ ၀င်ငွေ အများကြီး ရှာပေးနိုင်တယ်။ ဒါပေမဲ့ လျှပ်စစ်မီးကြတော့ ထိုင်းကနေ ပြန်ဝယ်သုံးနေရတယ်။ ဈေးကြီးပေးနေရတယ်။ အဲလိုမျိုး ရပိုင်ခွင့်တွေကို တောင်းဆိုဖို့၊ ရအောင်လုပ်ဖို့ လိုလာပြီဆိုပြီး ရွေးကောက်ပွဲ ၀င်ဖြစ်တာပါ။
မေး၊ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းရာမှာ လက်ရှိ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။
အမျိုးသမီးဖြစ်တဲ့ အတွက် သွားရေးလာရေးမှာ နည်းနည်း ကိစ္စရှိပေမဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ အခုအချိန်မှာ ပိုအားပေးသလိုတောင် ဖြစ်နေပါပြီ။ စည်းရုံးရေးဆင်းရင်လည်း ကူညီပေးတဲ့သူတွေက အမျိုးသားတွေထက် ပိုတက်တက်ကြွကြွ ကူပေးကြပါတယ်။ အမျိုးသမီးတွေကို လိုလိုလားလား ကူညီပေးကြပါတယ်။
မေး၊ အမျိုးသမီးတွေ နိုင်ငံရေး လုပ်ရာမှာ အားနည်းချက်၊ အားသာချက်တွေက ဘာတွေ ဖြစ်မယ်လို့ ထင်လဲ။
အမျိုးသမီးတွေက ကိစ္စတစ်ခုကိုဆို ထဲထဲဝင်ဝင်သိတယ်။ အမျိုးသားတွေက သိတယ်လို့ ထင်ရပေမဲ့ အမျိုးသမီးတွေက ပိုသိပါတယ်။ အိမ်တစ်အိမ်လိုမျိုးပဲလေ။ အမျိုးသားတွေက ပိုက်ဆံရှာနေရတော့ လူမှုရေးတွေ ဘာတွေဆို အမျိုးသမီးက ပိုလုပ်ဖြစ်တယ်။ အမျိုးသမီး အချင်းချင်း မီးဖိုခန်းကိစ္စတွေပဲ ဖြစ်ဖြစ်၊ သားသမီး ကိစ္စတွေ လုပ်ရင်း၊ ပြောရင်းနဲ့ ဖြစ်ဖြစ် တကယ့် ဘ၀တွေနဲ့ နီးစပ်မှု ပိုရှိတယ်၊ ပိုသိတယ်လို့ ထင်တယ်။
အားနည်းချက်အနေနဲ့ ပြောရရင် အမျိုးသမီးတွေ ဒီလို လုပ်လာကိုင်လာတဲ့ အတွက် အချို့သော အမျိုးသားတွေက မနှစ်သက်ကြဘူးလို့ ခံစားရတယ်။ သူတို့ကို ရင်ဘောင်တန်းလာသလားပေါ့။
လူတိုင်းတော့ မဟုတ်ပါဘူး။ လူအားလုံးတော့ စိတ်ချင်းဘယ်တူကြမလဲ။ တချို့ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်းရှိတာပေါ့။ အမျိုးသမီး အချင်းချင်းမှာတောင် ဒီလိုမျိုး မကြိုက်တာတွေ ရှိသေးတာပဲ။
မေး၊ အခု ထားဝယ်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု နည်းသေးတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။
အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်မှု နည်းသေးတာကတော့ ထားဝယ်ဆိုတာက အားလုံးက ရှေးရိုးစွဲတာ များတယ်။ ကျွန်မတို့ကိုတောင် ကန့်ကွက်မှုတွေ ရှိတာပဲ။ အသက်ကြီးမှ နိုင်ငံရေးတွေ၊ ဘာတွေ ဘာလုပ်မှာလဲပေါ့နော်။ ကျွန်မကတော့ အခု ခြေစုံပစ်ဝင်တာမဟုတ်ဘဲ သတ်မှတ်အချိန်အပိုင်း အခြားအလိုက် လုပ်နေတာပါ။
အခုက ပညာတတ်အမျိုးသမီးတွေ ရှိနေပါပြီ။ တွေးခေါ်စဉ်းစားနိုင်သူတွေ ရှိနေပါပြီ။ အရင်ကလို အိမ်တွင်းပုန်းမဟုတ်တော့ဘူး။ ကိုယ်တိုင်ဝင်ငွေရှာ၊ အလုပ်လုပ်သူတွေလည်း များလာပါပြီ။
အားလုံးတိုးတက်ဖို့ဆိုရင်တော့ ကျားမ ခွဲနေလို့ မရဘူး။ အားလုံးလုပ်မှ တိုးတက်မယ်။ ကိုယ်တိုင်ဝင်လုပ်မှ ကိုယ်တိုင်ဖွံ့ဖြိုးမယ်။ နိုင်ရင် ၀င်လုပ်ကြစေချင်တယ်။
ကိုယ်ရေး အကျဉ်း
-----------------------
မိဘ - ဦးဘသင်းစိန်-ဒေါ်စိန်မြိုင်
ပညာအရည်အချင်း - B . Com (AA)
အသက် - ၆၇ နှစ်
နေရပ် - ကညုံရပ်၊ ထားဝယ်မြို့။
အတွေ့အကြုံ - ထားဝယ်တိုင်းရင်းသားများပါတီ၏ နာကယ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်လျက်ရှိ၊
နိုင်ငံ့ဝန်ထမ်းအဖြစ် ၁၂ နှစ် လုပ်ကိုင်ပြီး အငြိမ်းစားယူခဲ့၊
ပွဲရုံလုပ်ငန်း၊ ဆီအုန်းလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်းတို့ လုပ်ကိုင်လျက်ရှိ။
Post a Comment