Home » » ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များဆွေးနွေးပွဲ (သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ) ဆွေးနွေးအကြံပြုချက်များ အကျဉ်းချုပ်

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များဆွေးနွေးပွဲ (သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ) ဆွေးနွေးအကြံပြုချက်များ အကျဉ်းချုပ်

Written By Live100 on Sunday, January 24, 2016 | 11:33 PM


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ
မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များဆွေးနွေးပွဲ
(သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ)
ဆွေးနွေးအကြံပြုချက်များ အကျဉ်းချုပ်
မူဝါဒဆိုင်ရာ ဆွေးနွေးချက်များ
၁။ သဘာဝသယံဇာတများ၏ မူလပိုင်ရှင်သည် ပြည်သူများ ဖြစ်သည်။
၂။ မြေယာနှင့် တိုင်းရင်းသားတို့ဘဝသည် ခွဲခြား၍မရဘဲ မြေယာလုံခြုံရေးသည် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ရေးအတွက် အရေးကြီးသည်။ သဘာဝသယံဇာတဟု ဆိုရာတွင် မြေမှ အစပြု ၍ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် မြေယာစီမံခန့်ခွဲမှုသည်လည်း မှန်ကန်မျှတရန် လိုပါသည်။
၃။ သဘာဝသယံဇာတပေါကြွယ်ဝသော နေရာများတွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားသည့် သဘောသ ဘာဝကို တွေ့ရှိရသည်။
၎။ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် မြေယာနှင့် သဘာဝသယံဇာတများ အသုံးချမှု အလှမ်းမှီရေး၊ အကာအကွယ်ပေးရေး အရေးကြီးပါသည်။
၅။ ပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်မှုတိုးတက်လာအောင် မှန်ကန်သော မြေယာမူဝါဒ ချမှတ်ပြီး ပြည်သူအများ အကျိုးရှိရှိ ပါဝင်လာအောင် ဆောင်ရွက်ရမည်။
၆။ သဘာဝသယံဇာတများအား ထုတ်ယူသုံးစွဲရာမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်များကို ပြည်ထောင်စုကြီးအတွင်း မျှမျှတတ ခွဲဝေခံစားစေရမည်။
၇။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သက်ဆိုင်ရာဒေသတွင် နေထိုင်ကြသည့် ပြည်သူများ၏ သဘော တူညီမှု ရယူရမည်။
၈။ အနာဂတ်တွင် သဘာဝသယံဇာတအပေါ် မှီခိုမှု လျော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်။
ပြဿနာ/ စိန်ခေါ်မှုများ
၁။ မမျှတမှုများ ရှိနေခြင်း
၂။ လက်ရှိ မူဝါဒနှင့် ဥပဒေဆိုင်ရာ အားနည်းချက်များ
၃။ ပြဌာန်းဥပဒေများ ကျင့်သုံးမှု အားနည်းခြင်း
၎။ ဥပဒေမလိုက်နာမှုများကို အရေးယူဆောင်ရွက်မှု အားနည်းနေခြင်း
၅။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း
၆။ ဗဟိုချုပ်ကိုင်မှု များနေခြင်း
၇။ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှု အားနည်းခြင်း
၈။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး နှင့် စွမ်းဆောင်ရည် လျော့ကျခြင်း
၉။ သုတေသန နှင့် ရံပုံငွေ လုံလောက်မှု မရှိခြင်း
ဆောင်ရွက်ရမည့်အချက် နှင့် လိုအပ်ချက်များ
၁။ မြေယာနှင့် သဘာဝသယံဇာတများကို တိုင်းရင်းသားပြည်သူလူထုအားလုံးမှ အကျိုးစီးပွား ညီညွတ်မျှတစွာ ခံစားနိုင်ရန် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ဝင်ငွေများကို ခွဲဝေသုံးစွဲခြင်း၊ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်၍ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်ကာ ပြည်သူလူထုမှ ရွေးချယ် တင်မြှောက် တာဝန်ပေးအပ်သူများက တာဝန်ယူဆောင်ရွက်သင့်သည်။
၂။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ နှင့်အညီ မြေယာလုံခြုံရေး၊ မြေယာ အသုံးပြုရေး၊ မြေယာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးများအတွက် အမျိုးသား မြေယာအသုံးချရေး မူဝါဒများကို ပြဋ္ဌာန်းသတ်မှတ်ရမည်။ သို့မှသာ ပြည်သူ့ဗဟိုပြု မြေယာအသုံးချစီမံခန့်ခွဲခြင်း ဖွံ့ဖြိုးတိုးတက်၍ ပွင့်လင်းမြင်သာစွာ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှုံမှုများတိုးတက်ကာ၊ မြေယာအကျိုးစီးပွား အခွင့်အလမ်းများ အပြည့်အဝအသုံးချနိုင်၍ ဒေသခံများနှင့် ပြည်သူတရပ်လုံး အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်။ ၎င်းအတွက် လိုအပ်သလို -
(က) ဥပဒေပြဌာန်း စီမံခန့်ခွဲနိုင်ရေး၊
(ခ) ကျွမ်းကျင်သူများ ဆွေးနွေးတိုင်ပင် ညှိုနှိုင်းဆောင်ရွက်နိုင်ရေး၊
(ဂ) လက်ရှိအနေအထားအရ အကာအကွယ် အပြည့်အဝ ပေးနိုင်ရေး၊
(ဃ) မှတ်ပုံတင်နိုင်ရေး၊
(င) ရေရှည်လုပ်ပိုင်ခွင့်များ ပေးခြင်းကြောင့် ဒေသခံများမြေယာလုပ်ပိုင်ခွင့် မဆုံးရှုံးရေး နှင့်
(စ) စစ်ဘေးတိမ်းရှောင်ပြည်သူများကို ပြန်လည်နေရာချထားပြီး မြေယာလုပ်ပိုင်ခွင့်များ စနစ်တကျ ပြန်လည် ချထားပေးခြင်းတို့ကို နိုင်ငံတကာ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ဆောင်ရွက်ရန် ဆွေးနွေးပါသည်။
၃။ လက်ရှိအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပုဒ်မများအရ မြေပေါ်၊ မြေအောက် သယံဇာတ အားလုံးတို့သည် နိုင်ငံတော်မှပိုင်ဆိုင်၍ လုပ်ပိုင်ခွင့်များကို နောက်ဆက်တွဲ ဇယားတွင် ခွဲဝေ ပေးထားပြီးဖြစ်ပြီး လိုအပ်သလို ဆက်လက်ညှိုနှိုင်းရန်ဖြစ်သည်။ ၎င်းလုပ်ပိုင်ခွင့်များအရ သက်ဆိုင်ရာပြည်နယ်များမှ လိုအပ်သော ဥပဒေများကို လိုအပ်သလို ပြဌာန်းထုတ်ပြန်ရန် ဖြစ်သည်။ သို့ဖြစ်၍ -
(က) အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်း
(ခ) တည်ဆဲဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း
(ဂ) ဥပဒေအထောက်အကူုပြု ဖွဲ့စည်းခြင်း
(ဃ) စွမ်းဆောင်ရည်မြင့်တင်ရေး
(င) လိုအပ်သော နည်းဥပဒေများ၊ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
၎။ လက်ရှိအားတွင် တာဝန်ရှိသူများက အတတ်နိုင်ဆုံးဆောင်ရွက်နေပြီး နိုင်ငံတကာစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများဖြစ်သော သယံဇာတထုတ်ယူမှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားမှု (EITI - Extractive Industry Transparency Initiative), ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA - Environmental Impact Assessment) လူမှုဘဝထိခိုက်မှု ဆန်းစစ်ခြင်း (SIA - Social Impact Assessment), ဆန္ဒအလျောက် တာဝန်ယူလုပ်ဆောင်ခြင်း (Volunteer Principle) များကို စတင်ကျင့်သုံး နေပြီဖြစ်သည်။
၅။ သဘာဝသယံဇာတများမှရရှိသော ဝင်ငွေများနှင့် ဥစ္စာဓနများကို ခွဲဝေရာတွင် အခြားနိုင်ငံများ၏ အတွေ့အကြုံအရ ပိုမိုဆိုးဝါးသွားသည်ကို အထူးသတိပြုရမည်ဖြစ်သည်။ လေ့လာဆန်းစစ်ချက် များ၊ သတင်းအချက်အလက်များ ပိုမိုရယူခြင်း၊ အဖွဲ့အစည်း၏ စွမ်းဆောင်နိုင်ရည်၊ ငွေကြေး ခွဲဝေသုံးစွဲမှုတွင် ဗဟိုချုပ်ကိုင်မှု လျော့ချရေး (Fiscal Decentralization) တို့ကို လေ့လာချိတ်ဆက် ဆောင်ရွက်ရခြင်း၊ သက်ဆိုင်သူအားလုံး (ဒေသခံပြည်သူ၊ စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင်များ အစရှိသဖြင့်) ပါဝင်ညှိုနှိုင်း ဆောင်ရွက်ရန် လိုသည်။
၆။ အထက်ပါအတိုင်း ဆောင်ရွက်နေသော်လည်း မူဝါဒ နှင့် ဥပဒေများ၏ အားနည်းချက်၊ အကောင် ထည်ဖော်ဆောင်ရွက် မှုများ၏ လိုအပ်ချက်၊ စီမံခန့်ခွဲမှု လစ်ဟာချက်များကြောင့် နိုင်ငံနှင့်အဝှမ်း ဒေသခံ ပြည်သူများ လူနေမှုဘဝထိခိုက်မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ မတည်ငြိမ်မှုများ ဖြစ်ပွားနေသည်ကို တက်ရောက်လာသော ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။ (ဥပမာ - သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်း၊ ဒီရေရောက်တောများ ပျက်စီးခြင်း၊ အစရှိသည်ဖြင့်)
အကြံပြု ဆွေးနွေးသည့် အချက်များ
၁။ သဘာဝသယံဇာတဟုဆိုရာတွင် လူ့စွမ်းအားအရင်းအမြစ်များကိုပါ ထည့်သွင်းသင့်သည်။
၂။ သဘာဝသယံဇာတများ၏ မူလပိုင်ရှင်သည် နိုင်ငံတော်ဟုဆိုရာတွင် ပိုမိုတိကျစွာ အဓိပ္ပါယ် သတ်မှတ်ချက် ဖွင့်ဆိုရန် လိုအပ်သကဲ့သို့ နိုင်ငံတကာစံနှုန်းအရ (UNDRIP – United Nations Declaration on the Rights of Indigenous Peoples) နေရာဒေသ တစ်ခုတည်းတွင် အစဉ် တစိုက်နေထိုင်သော ဌာနေတိုင်းရင်းသားများက ပိုင်ဆိုင်သင့်သည်။
၃။ နိုင်ငံတကာစံဖြစ်သော (UNDRIP) ကို တိုင်းရင်းသားအများစုနှင့် ဆွေးနွေးသူများက နိုင်ငံအတွင်း အကျယ်တဝင့် လက်ခံဆောင်ရွက် သင့်သလို အနာဂါတ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း သင့်သည်။
၎။ လွတ်လပ်၍ ကြိုတင်အသိပေးကာ သဘောတူညီချက် ရယူခြင်း (FPIC - Free, Prior and Informed Consent) စနစ်ကို ကျင့်သုံးဆောင်ရွက်ရန်။
၅။ နိုင်ငံတော်အဆင့် မူဝါဒများချမှတ်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းမူ (Sustainable Development Principle) ကြိုတင်သတိထားဆင်ခြင်ရမည့်မူ (Precautionary Principle) ယခုနှင့် နောင်မျိုးဆက်အကြား မျှော်မြင်စဉ်းစားရမည့်မူ (Inter/Intra generational equity) အစရှိသည်တို့ကို ထည့်သွင်းသင့်သည်။
၆။ မူဝါဒများချရာတွင် ပြည်နယ်တခုချင်း ပထဝီအနေအထားအရ ဆက်စပ်နေသော သဘာဝသယံ ဇာတများအား မည်သို့ ပူးတွဲစီမံခန့်ခွဲရမည်ကို စဉ်းစားဆွေးနွေး ရမည်ဖြစ်သလို ရေသယံဇာတ မူဝါဒ၊ မြစ်ကြောင်းများထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာမူဝါဒများ၊ ဇီဝလုံခြုံရေး၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးကိစ္စများ ဆိုင်ရာမူဝါဒများ၊ EITI၊ နှင့် ရေရှည်ရံပုံငွေထားရှိရေးဆိုင်ရာ မူဝါဒများကို ပြည့်စုံစွာ ထည့်သွင်း ရေးဆွဲသွားရန် ဆွေးနွေးခဲ့ကြသည်။

၇။ စီမံခန့်ခွဲခွင့် လုပ်ပိုင်ခွင့်များ အခန်းကဏ္ဍကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ အတွင်း တိကျစွာ ခွဲဝေသတ်မှတ်ရန် လိုအပ်သည်။ ပြည်သူများ ပူးပေါင်းပါဝင် ဆုံးဖြတ်နိုင် ခွင့်ပြုရမည်။ Bottom Up ပုံစံဖြင့် ပြည်သူလူထုများမှ ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ထားသူများက အများသဘောတူ လုပ်ထုံးလုပ်နည်းအတိုင်း စီမံအုပ်ချုပ် ရမည်။
၈။ ဒေသခံပြည်သူများ၏ တနိုင်တပိုင် လုပ်ငန်းများကို အားပေးရန် လိုအပ်သလို မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကို လွတ်လပ်စွာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးကို ခွင့်ပြုဖော်ဆောင်ရမည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှလည်း ပိုမိုကွင်းဆင်းမှုများပြုလုပ်ပြီး ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြပါသည်။
၉။ သယံဇာတဝင်ငွေကိုခွဲဝေရာတွင် (ပြည်နယ်မှ ၇၀%၊ ဗဟိုမှ ၃၀% ၊ ၆၀% - ၄၀% ၊ ၅၀% - ၅၀% စသည်ဖြင့်) ယေဘုယျ အဆိုပြုသော်လည်း၊ အခြားသယံဇာတအင်အားနည်းသော ပြည်နယ် များ၏ လိုအပ်ချက်၊ ပြည်ထောင်စုမှ အားလုံးအတွက် ခြုံလွှမ်းဆောင်ရွက်ရမှုများ အတွက် ကုန်ကျစရိတ်များ၊ အနာဂါတ်ဖွံ့ဖြိုးရေး စုဆောင်းငွေများ လိုအပ်ချက်အပေါ် မူတည်၍လည်း စဉ်းစားရန် လိုအပ်ကြောင်းဆွေးနွေးကြသည်။ (အထက်တွင်လည်း ဓနစီးပွားခွဲဝေခြင်းကို ပုဂ္ဂလိက ခံစားချက်အရ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အချက်အလက် စိန်ခေါ်ချက်များကို အခြေခံ ထည့်သွင်း စဉ်းစားရမည်)
၁၀။ သယံဇာတဝင်ငွေများကို ခွဲဝေရာတွင် အကျိုးကျေးဇူးအားလုံး (နှစ်စဉ်ကြေး Royalty Tax တစ်ခု တည်းမဟုတ်ဘဲ benefit and profit အပါအဝင်) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
၁၁။ သယံဇာတခွဲဝေရာတွင် မည်သို့ခွဲဝေမည်ကို စဉ်းစားရုံမကဘဲ အောက်ခြေဒေသအဆင့် အထိ ခွဲဝေခြင်းကို စဉ်းစားရမည်။ ရရှိသော ခွဲဝေငွေများကို မည်သို့ စနစ်တကျ စီမံခန့်ခွဲသုံးစွဲရမည်ကို တိကျစွာသတ်မှတ်ရမည်။
၁၂။ နိုင်ငံတကာသဘောတူညီချက်များအရ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ လျာထားချက်များ ကို အကောင်အထည်ဖော်ရာတွင် ဂေဟစနစ် ဝန်ဆောင်မှု အတွက်အခကြေးငွေ (Payment for Ecosystem Services) ကို အကောင်ထည်ဖော် ဆောင်ရွက်ရမည်။
၁၃။ မြေယာနှင့်သဘာဝသယံဇာတ စီမံခန့်ခွဲရာတွင် ကောင်းမွန်သော စီမံခန့်ခွဲခြင်း (Good Governance) မရှိခြင်းကြောင့် နိုင်ငံတကာစံနှုန်းများဖြစ်သော
(က) ပွင့်လင်းမြင် သာမှု (Transparency)
(ခ) တာဝန်ခံမှု (Accountability)
(ဂ) တုန့်ပြန်မှု (Responsiveness)
(ဃ) ထိရောက်မှု (Effectiveness)
(င) အားလုံးပါဝင်မှု (All-inclusiveness)
(စ) သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းမှု (free flow of information)
(ဆ) တရားဥပဒေစိုးမိုးမှု (rule of laws)
(ဇ) အားလုံးသဘောတူညီမှု (consensus) များအရ ဆောင်ရွက်ရမည်။ (သတင်းအချက် အလက်များအား ရယူသိရှိပိုင်ခွင့် Right-to-Know ဥပဒေများသီးခြားပြဌာန်းရန်လည်း ဆွေးနွေးသွားသည်)
၁၄။ NCA အရ အနာဂတ်တွင် သယံဇာတတွင်းထွက်ပစ္စည်းများ ထုတ်ယူရာတွင် EITI စံနှုန်းအရ ဆောင်ရွက်သွားရန်ဖြစ်သော်လည်း လက်ရှိအနေအထားတွင် ဆောင်ရွက်နေ သော စီမံကိန်းများ၊ သယံဇာတထုတ်ယူမှုများကြောင့် လူမှုဘဝထိခိုက်ခံစားရမှုများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ရှိနေသောကြောင့် ဤကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရမည့် ယန္တရား (Mechanism) ကို အကောင်ထည်ဖော် ဆောင်ရွက်သွားရမည်။
၁၅။ NCA စာချုပ်ပါ ကြားကာလအတွင်း စီမံကိန်းများ၊ သယံဇာတ ထုတ်ယူမှု စီမံကိန်းများသည် ယုံကြည်မှုတည်ဆောက်မှုကို ထိခိုက်စေသောကြောင့် ကာလတစ်ခု အထိ ရပ်ဆိုင်းထားရန်၊ အကောင်ထည်ဖော်မှုမရှိရန် ဆွေးနွေးအဆိုပြုသည်။
၁၆။ မြေယာအငြင်းပွားမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသ မြေယာအကြောင်း ကောင်းစွာသိသူများ ပါဝင်သော အဖွဲ့များဖွဲ့၍ ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်သည်။ မြေယာလျော်ကြေးများ၊ နစ်နာကြေးများကို လက်တွေ့ကျအောင် ပြင်ဆင် ဆောင်ရွက်သွားရမည်။
၁၇။ အနာဂတ်၌ တရားစီရင်ရေးတွင် အငြင်းပွားမှုများကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက် နိုင်ရန် ဒေသအဆင့်တွင် ရိုးရာဓလေ့အရ စေ့စပ်ညှိနှိုင်းနိုင်သော ယန္တရား ဖော်ဆောင်ရန်နှင့် သီးခြား လွတ်လပ်သော မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခုံရုံးများဖွဲ့စည်းပြီး တရားဥပဒေ စိုးမိုး ရေးကိုဆောင်ရွက်သွားရန် လိုအပ်သည်။
၁၈။ ဥပဒေများကို လိုအပ်သလို ညှိုနှိုင်းပြင်ဆင်ရေးဆွဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ (ဥပမာ -အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများနှင့် ပြည်သူ့အခြေပြု ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ကွက်ငယ်လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့် Value added လုပ်ငန်းများ) ကို လိုအပ်သလို၊ အခြေအနေပေးသလို ဆောင်ရွက်သွားရန်ဖြစ်သည်။
၁၉။ ဥပဒေများ အချိတ်အဆက်မိစေရန် ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။
၂၀။ အမှန်တကယ် အသုံးမပြုသော မြေယာလက်ဝါးကြီးအုပ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နှင့် နိုင်ငံသားတစ်ဦးချင်း အများဆုံး မြေယာပိုင်ဆိုင်ခွင့် ပမာဏကို ဥပဒေဖြင့် သတ်မှတ် ရန်။ (၂၀၁၂ လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအပါအဝင် မြေယာဥပဒေများကို ပြန်လည်သုံးသပ်ရန်)
၂၁။ သယံဇာတ အခြေအနေ၊ ပမာဏ၊ အတန်းစား၊ ရယူနိုင်မှုများ နှင့် သက်ဆိုင်သည့် အချက် အလက်များ သိရှိနိုင်ရန် ကြိုးပမ်းမည့် နည်းလမ်းများ စဉ်းစား စီစဉ်ရန် (Data collection)
၂၂။ ပိုင်ဆိုင်မှု၊ ရယူသုံးစွဲမှု၊ ထိန်းသိမ်းမှု၊ တိုးပွားစေမှုများကို ဆောင်ရွက်နိုင်ရန် ဒေသခံလူထုအဆင့်၊ ဒေသဆိုင်ရာ အစိုးရအဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်ဆင့်တို့တွင် လက်တွေ့ကျကျ မျှတအောင် ဆောင်ရွက်နိုင်ရန် တာဝန်ခွဲဝေနိုင်မှုပုံစံ၊ ကိုင်တွယ် တာဝန်ယူနိုင်မှုများ အခြေအနေ၊ အချက် အလက်များ အသုံးချနိုင်မှုတို့ကို လေ့လာစုစည်း မည့် သုတေသနအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်။
၂၃။ ဗဟို ထိမ်းချုပ်မှု လျော့ချပြီး၊ ဒေသန္တရ စီမံခန့်ခွဲနိုင်မှု နှင့် လူထုပါဝင်နိုင်မှု တိုးလာစေမည့် စီမံကိန်း များ ချမှတ်နိုင်ရေး စဉ်းစားစီစဉ်ရန်၊
၂၄။ သယံဇာခွဲဝေမှု၊ တာဝန်ယူမှုများကို တိကျစွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် ဥပဒေ၊ နည်းဥပ ဒေ၊ မူဝါဒ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက် ရာတွင် အားလုံးပါဝင်နိုင်မည့် ပုံစံဖြင့် စီစဉ်ဆောင် ရွက်ရန်။
၂၅။ သယံဇာတများ ခွဲဝေစီမံခန့်ခွဲ သုံးစွဲခွင့်ကို အကျိုးများစေရန်၊ မရှိမဖြစ်လိုအပ်သော နည်းပညာ၊ အတတ်ပညာများ ရယူနိုင်ရန် တာဝန်ရှိသူများကို စွမ်းရည်မြှင့်တင်ပေးနိုင်ရန်၊ လိုအပ်ချက်၊ လိုလားချက်များအတွက် စီစဉ်ဆောင်ရွက်ရန်။
၂၆။ အကျိုးအမြတ်ခွဲဝေမှုနှင့် စပ်လျဉ်း၍ ဒေသခံလူထု၊ ဒေသခံ အစိုးရ၊ ဗဟို အစိုးရ အဆင့်ဆင့် ခွဲဝေရယူသုံးစွဲနိုင်စေရန်၊ သယံဇာတအလိုက်၊ ဒေသအလိုက်၊ လိုအပ်သလို စိစစ်သတ်မှတ်နိုင် စေရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်။
၂၇။ သယံဇာတထုတ်လုပ်မှုကြောင့် ဆိုးကျိုးများ၊ အားနည်းချက်များ အနည်းဆုံးဖြစ်စေရန် သင့်လျော် သည့် စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အသင့်လျော်ဆုံး နည်းများဖြင့် (ဥပမာ - FPIC, EIA, SIA, HIA, SWF, Safeguard, etc…) ဆောင်ရွက်နိုင်ရန် ကြီးကြပ်စေနိုင်မည့် မူဝါဒများ ချမှတ်နိုင်ရန်။
၂၈။ ယခင် နှင့် ဆောင်ရွက်ဆဲ စီမံကိန်းများတွင် ပြန်လည်ကုစားရေး အစီအစဉ် (Redress Mechanism) များကို ရေးဆွဲအသုံးပြုရန်။
၂၉။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ သဘာဝသယံဇာတများ စီမံခန့်ခွဲမှုနှင့် ခွဲဝေသုံးစွဲရာ တွင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိရန်။
၃၀။ သဘာဝသယံဇာတများမှ ရရှိလာသည့် ဝင်ငွေများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရာခိုင်နှုန်းတစ်ခု သတ်မှတ် သုံးစွဲသွားရန်။
၃၁။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို ပြည်သူလူထု သိရှိစေရန် နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ရန်၊ တိုင်းရင်းသားဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ရန်။
------------------------------------------------------------------------------------
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger